သန်းကြွယ်သူဌေးလို့ထင်ပြီး အပိုင်ဖမ်းလိုက်မိကာမှ၊ အကြွေးနွံနစ်သွားတဲ့ သတို့သမီး

ထိုင်းနိုင်ငံက အသက်(၃၀)အရွယ် သတို့သမီးလောင်းတစ်ယောက်ကတော့၊ အပိုင်ထင်လို့ ကိုင်လိုက်မိကာမှ တစ်ဖက်က အချဉ်ဖမ်းသွားတာကို ခံလိုက်ရပါတယ်။ သူမရဲ့အမည်ကို Da လို့သာ ဖော်ပြထားပြီး Product presenter တစ်ယောက်ပါ။ ဒေသခံတွေကတော့ သူမကို နတ်သမီးလေးလို လှပသူလို့တောင် တင်စားကြပါတယ်။

သူမကလည်း အနီးအနားက ပိုးပန်းနေသူတွေကို လှည့်တောင် မကြည့်တဲ့အမျိုးပါ။ တစ်ခုသော ဆွေမျိုးတစ်ယောက်ရဲ့ နာရေးမှာ အသက်(၅၀)အရွယ် လူရည်လည်သူတစ်ဦးဖြစ်တဲ့ Nat နဲ့ မထင်မှတ်ဘဲ ဆုံခဲ့ပါတယ်။ မတ်လမှာ ဆုံခဲ့တာပါ။

Da နဲ့ စကားစမြည်ပြောချိန်မှာ Nat က သူဟာ ဟောင်ကောင်က ကုမ္ပဏီတွေနဲ့ချိတ်ဆက်ထားတဲ့ လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေတဲ့ CEO ဖြစ်ကြောင်း စသဖြင့် ကြွားလုံးထုတ်ခဲ့ပါတယ်။ Da ကလည်း နိမ့်နိမ့်မမှန်းတဲ့သူမို့ Nat နဲ့ တစ်ခါတည်း အသားကျသွားပြီး၊ ဒီနေ့လို ခင်မင်၊ နောက်နေ့လို လက်ထပ်ခွင့်တောင်းခံရပါတယ်။ သူမကလည်း တစ်ခါလောက်တောင် မမူဘဲ ပါသွားခဲ့တာပါ။

မေလမှာ မင်္ဂလာပွဲအတွက် ပြင်ဆင်တာဖြစ်ပြီး ကုန်ကျစရိတ်ကို သတို့သမီးဘက်က အကုန်စိုက်ထားလိုက်ပါတယ်။ သာမန် မင်္ဂလာပွဲမျိုး မလုပ်ချင်တဲ့ Da ဟာ ဘတ်(၃.၅)သန်းအထိ အကြွေးယူသုံးပြီး အိပ်မက်ထဲက မင်္ဂလာပွဲကို ကျေနပ်စွာ အကောင်အထည် ဖော်ပါတော့တယ်။ မင်္ဂလာဆောင်ဝန်ဆောင်မှုပေးတဲ့ အေဂျင်စီတွေ ဘာတွေနဲ့ မောင်းခရိုင်က နာမည်ကြီးဟိုတယ်တစ်လုံးကို အပြတ်ငှားလိုက်တာပါ။ ငွေရေးကြေးရေး ကိစ္စက မင်္ဂလာပွဲပြီးမှ ရှင်းရမှာပါ။

မေလ(၁၀)ရက်မှာ မင်္ဂလာရက်သတ်ထားတာ ဖြစ်ပြီး၊ အဲဒီမတိုင်ခင်မှာ အကြိုဧည့်ခံပွဲကိုလည်း စောစောက ရွေးချယ်ထားတဲ့ ဟိုတယ်မှာပဲ ကျင်းပခဲ့ပါတယ်။ Da ရဲ့ မိဘတွေနဲ့ ဆွေးမျိုးအသိုင်းအဝိုင်းတွေကလည်း Da ကို လင်ကောင်းသားကောင်းရတယ် စသဖြင့် ချီးမွမ်းလို့မဆုံးခင် .. မင်္ဂလာပွဲကျင်းပတဲ့ မေလ(၁၀)ရက်မှာ ပြဿနာတွေ တက်ပါတော့တယ်။

အကြောင်းကတော့ သတို့သား Nat က သူ့အနေနဲ့ စီးပွားရေးကိစ္စ အရေးကြီးလို့ ဟောင်ကောင်ကို အမြန်သွားခဲ့ရတယ်ဆိုပြီး တကယ့်ပွဲနေ့ကို ရှောင်ထွက်သွားပါတော့တယ်။ သူ့မိတ်ဆွေ (၁၀)ယောက်လောက်သာ မင်္ဂလာဆောင်ကို မယောင်မလည် ရောက်လာပြီး၊ သတို့သားဘက်က ခန်းဝင်ပစ္စည်းဖိုးအဖြစ် တင်သမယ်ဆိုတဲ့ ဘတ် (၁.၆)သန်းဆိုတာကလည်း ငါးပြားစေ့တောင် မမြင်လိုက်ရပဲ သတို့သားနဲ့အတူ ရေစုန်မျောသွားပါတော့တယ်။

ခက်တာက မင်္ဂလာပွဲ ပျက်သွားတာထက် ကြောက်ခမန်းလိလို အကြွေးတွေက သတို့သမီးတစ်ခုလပ် Da ကို အကြီးအကျယ် စိတ်ညစ်စေခဲ့ရပါတယ်။ သူမကို မင်္ဂလာပွဲစီစဉ်ပေးတဲ့ ဝန်ဆောင်မှုအဖွဲ့က ထိုင်းဘတ် (၂.၆)သန်း ရလိုမှုနဲ့ တရားရုံးမှာ တရားစွဲပါတော့တယ်။ ဒါပေမယ့် နောက်ပိုင်း ဖြေရှင်းချက်တွေအရ တရားစွဲတဲ့ ကန်ထရိုက်အဖွဲ့က သူတို့တကယ်လိုအပ်တာက ဘတ်(၃)သိန်းလို့ ဆိုပါတယ်။

သူတို့ဝန်ဆောင်မှုအဖွဲ့ဟာ အခြားဝန်ဆောင်မှုအဖွဲ့တစ်ခုနဲ့ Sub ကန်ထရိုက်သဘောမျိုး မင်္ဂလာပွဲကို စီစဉ်ပေးခဲ့တာဖြစ်ပြီး၊ မိမိတို့ရဲ့ (၃)ရက်(၃)ည လုပ်အားခမှာ ဘတ်(၃)သိန်းဖြစ်တယ်လို့ ပြောပါတယ်။ ဆိုရရင် ကျန်တဲ့ပိုက်ဆံကို အမည်ဖော်ပြထားခြင်းမရှိတဲ့ ကန်ထရိုက်က လိုချင်တဲ့သဘောဖြစ်ပါလိမ့်မယ်။ တကယ်က အဲဒီအဖွဲ့က ဘာမှ မလုပ်ရဘဲ ကျန်တဲ့ပိုက်ဆံတွေကို လိုချင်တဲ့သဘောပါ။ ဒီကိစ္စကိုတော့ သတို့သမီးတစ်ခုလပ် Da တစ်ယောက် ကျေလည်အောင် ဖြေရှင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါတောင်မှ သူမရှင်းရမယ့်အကြွေးတွေက ဟိုတယ်စရိတ်၊ ဧည့်ခံကျွေးမွေးစရိတ်၊ မင်္ဂလာခန်းမအပြင်အဆင်တွေ စတာတွေအတွက် ထိုင်းဘတ် ထိုင်းဘတ် (၃.၅)သန်းကျော်အထိ အကြွေးကျန်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဆိုပါတယ်။ မြန်မာကျပ်ငွေနဲ့ဆို သိန်း (၁၇၆၀)လောက် ရှင်းရဦးမယ့်သဘောပါ။ မိဘတွေကလည်း မပြေလည်တဲ့ အသိုင်းအဝိုင်းမို့ Da တစ်ယောက် ဒူးနဲ့ မျက်ရည်သုတ်နေရပါသတဲ့။

credit – shwemom

Post Author: MC KZONE